နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနား ပြင်ဦးလွင်မြို့တွင်ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ မက်မန်း၊ ဂျုံ၊ စပါးသီးနှံစီမံကိန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင် မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မက်မန်း၊ ဂျုံနှင့်စပါးစိုက်တောင်သူအစုအဖွဲ့များမှ လုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေနှင့်ပတ်သက်၍ အစုအဖွဲ့များအလိုက် ပေးအပ်သွားမည့်အစီအမံများနှင့် တောင်သူအစုအဖွဲ့ ခေါင်းဆောင်များနှင့် ချေးငွေရယူသူ တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စာချုပ်ပါစည်းကမ်းချက်များအား  အသေးစိတ် ရှင်းလင်းပြောကြားသည်။

ထို့နောက် မက်မန်း၊ ဂျုံနှင့်စပါးစိုက်တောင်သူအစုအဖွဲ့များမှ လုပ်ငန်းရှင်၊ တောင်သူများအား ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးဟန်၊ ဦးသောင်းမြင့်သိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးတို့က မက်မန်း၊ ဂျုံနှင့် စပါးစိုက်တောင်သူ များထံသို့ ချေးငွေများအား လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  တောင်သူအစုအဖွဲ့ ခေါင်းဆောင်တို့သည် စာချုပ်ပါ လုပ်ငန်းများအား အာမခံခြင်းနှင့် ကိုယ်စားပြုခြင်း လုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေများကို သီးနှံများ၏ အထွက်နှုန်းတိုးတက်၍ အရည်အသွေးကောင်းမွန်စေရန်နှင့် တောင်သူများဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်၊ စီမံကိန်းတွင် ပါဝင်သော အစုအဖွဲ့တိုင်း အကျိုးအမြတ်ကိုယ်စီရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့် စနစ်အပေါ် အလေ့အကျင့်ရရှိလာစေရန်စသည့် ရည်ရွယ်ချက်လေးရပ်ဖြင့် စာချုပ်ချုပ်ဆို ချေးငွေပေးအပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားတွင် စပါးစိုက်တောင်သူ ၃၇ ဦးအတွက် တစ်ဧကလျှင်နှစ်သိန်းကျပ်နှုန်းဖြင့် ဧက (၁၀၀)အတွက်  ချေးငွေသိန်းနှစ်ရာ အားလည်းကောင်း၊ ဂျုံစိုက်တောင်သူ ၇၇ ဦးအတွက် တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် ဧက(၂၉၅) အတွက် ချေးငွေသိန်းပေါင်း၅၉၀သိန်းအားလည်းကောင်း၊ မက်မန်းစိုက်တောင်သူများ (၆၅) ဦး အတွက် တစ်ဦးလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် ဧက (၄၅၂) ဧကအတွက် ချေးငွေသိန်းပေါင်း ကိုးရာ့လေးသိန်းကျပ်တိတိအား သီးနှံအုပ်စုများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ချေးငွေများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။  

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )