ရသေ့တောင် ဇူလိုင် ၁
ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်း၊ ပြည်နယ်လျှပ်စစ်မှူး ဦးမောင်မောင်ခိုင် သည်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွား သည့် ရသေ့တောင်မြို့ရှိ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရခိုင်ပြည်နယ်သယံဇာတရေးရဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ်လျှပ်စစ်မှူး ဦးမောင်မောင်ခိုင်နှင့် တာဝန်ရှိသူများသည် ရသေ့တောင်မြို့အတွင်း ပျက်စီးသွားသည့် ဓာတ်အားခွဲရုံ ပြန်လည်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြို့တွင်း လျှပ်စစ်သွယ်တန်းထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသအတွင်းရှိ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့တို့ရှိ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအချို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ရာ ကျန်ရှိနေသည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ်အားလိုင်း ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ၊ ၆၆ ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်းပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား မေးမြန်းကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးသန်းထွန်း၊ ပြည်နယ်လျှပ်စစ်မှူး ဦးမောင်မောင်ခိုင်နှင့် တာဝန်ရှိသူများသည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့ မေယုခန်းမမြို့မစျေးနှင့် သုသာန်ဇရပ်အခြေနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)