ပျော်ဘွယ်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမ ကဏ္ဍအလိုက် ချေးငွေများ ထုတ်ချေး

ပျော်ဘွယ် ဇူလိုင် ၁

ပျော်ဘွယ်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီမှ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမ ကဏ္ဍအလိုက် ချေးငွေများထုတ်ချေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးလွင်က နိုင်တော်၏ စီးပွားရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေး၊ တောင်သူများ၏လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်ရည်ရွယ်၍ အတိုးနှုန်းသက်သာစွာ ထုတ်ချေးခြင်းဖြစ်ပါကြောင်း၊ ချေးငွေများ ကို မှန်ကန်အကျိုးရှိစွာအသုံးချနိုင်ရေး တို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးငြိမ်းဇော်၊ မြို့နယ်သမဝါယမဦးစီးဌာနမှူး ဦးကျော်ဆန်းထွန်းတို့က ‌တောင်သူများထံ ချေးငွေများကို အကျိုးရှိရှိဖြင့် မြို့နယ်ဂုဏ်ဆောင်သည့် တောင်သူများဖြစ် စေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာတောင်သူများထံ ချေးငွေများပေးအပ်ခဲ့ကြောင်း၊ ပျော်ဘွယ်မြို့နယ်အနေဖြင့် မွေးမြူရေး လုပ်ငန်းအတွက် ကျပ်သန်း (၁၀၀)၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် စပါးနှင့် စပျစ်သီးနှံတို့ အတွက်  ကျပ်(၈၉.၉၇)သန်း၊ သမဝါယမလုပ်ငန်းတို့အတွက် (၁၅၁.၄)သန်း တို့ကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)