ရမည်းသင်း ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရမည်းသင်းမြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမ၊ MSMEs ကဏ္ဍအလိုက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမအသင်းသားများနှင့် MSME လုပ်ငန်းများရင်နှီးမတည်ချေးငွေထုတ်ပေးခြင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းကမြို့နယ်အတွင်း ကဏ္ဍအလိုက် တောင်သူများဘဝဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ချေးငွေထုတ်ချေးပေးခြင်းကို ရှင်းလင်း ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာများသို မတည်ထုတ်ချေးငွေများ ပေးအပ်ကြသည်။
ရမည်းသင်းမြို့နယ်အတွင်း ဝက်မွေးမြူရေးကဏ္ဍကို ကျေးရွာ(၅)ရွာမှ တောင်သူ(၈)ဦးအား ဝက်တစ်ကောင်ကျပ်နှစ်သိန်းခွဲနှုန်းဖြင့် ဝက်အကောင်(၄၀၀)အတွက် ကျပ်သန်းတစ်ရာကို လည်းကောင်း၊ စိုက်ပျိုးရေးကဏ္ဍကျေးရွာ(၅)ရွာမှ စပါးတစ်ဧကကျပ် ငါးသိန်းနှုန်းဖြင့် တောင်သူ (၂၂၃)ဦး၏ စပါးစိုက်ဧက ၅၀၆.၅၀ ကို (၂၅၃.၂၅) သန်းကိုလည်းကောင်း၊ ကျေးရွာ(၄)ရွာမှ အခြေခံသမဝါယမအသင်းသား တောင်သူများအား တစ်ဧကနှစ်သိန်းနှုန်းဖြင့် တောင်သူ(၁၈၁) ဦး၏ စိုက်ဧက ၈၄၁.၀၀ ကို (၁၆၈.၂၀)သန်းကိုလည်းကောင်း၊ MSME လုပ်ငန်းရှင် (၃)ဦးကို တစ်ဦးလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် (၃၀.၀၀)သန်း၊ စုစုပေါင်းတောင်သူ ၄၁၂ ဦးနှင့် လုပ်ငန်းရှင်၃ ဦးတို့ကို နိုင်ငံ့စီးပွားရန်ပုံငွေကျပ် (၅၅၁.၄၅)သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်၊ရမည်းသင်း)