မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ‘စန္ဒီ’ပရဆေးများနှင့် ရေသန့်ဆေးပြားများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်  စာရေးဝန်ထမ်းများမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေ

မြေပုံ ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ‘စန္ဒီ’ပရဆေးများနှင့်ရေသန့်ဆေးပြားများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်  စာရေးဝန်ထမ်းများမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

“မိုခါ”မုန်တိုင်းအလွန် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်  စာရေးဝန်ထမ်းများ လကုန်ရက်နေ့ ပုံမှန်အစည်းအဝေး)၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များ အကောင် အထည်ဖော်ရာ၌ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ကြောင်း၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သာသနာရေးကဏ္ဍ ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌လည်း နိုင်ငံတော်၊  ဌာနဆိုင်ရာနှင့် ပြည်သူများဝိုင်းရံပြီး အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှုကို ဝမ်းမြောက်ကြောင်းနှင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ချက်များရှိပါကလည်း တင်ပြဆွေးနွေးရန်ပြောကြားသည်။

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက  ‘စန္ဒီ’ပရဆေးများနှင့် ရေသန့်ဆေးပြားများအား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများသို့ ပေးအပ်ပြီး  ပြည်သူများလက်ဝယ် အရောက် ဖြန့်ဝေပေးရန် မှာကြားသည်။ ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းက ရေသန့်ဆေးပြား အာနိသင်နှင့် ဆေးပြားအသုံးပြုရန် နည်းစနစ်များအား ရှင်းလင်းဆွေးနွေးပြောကြား ကြောင်း သိရသည်။

တင်ဝင်း