ဗန်းမော်မြို့တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဗန်းမော်   ဇူလိုင်   ၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် ဗန်းမော်မြို့နယ်သမဝါယမဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် သမဝါယမအသင်းစုတို့ ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မင်းကုန်းရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစုရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သော (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် အများအကျိုးအတွက် တစ်ဦးချင်းစီက၊ တစ်ဦးချင်း အကျိုးစီးပွားအတွက် အများက’’ အပြန်အလှန် အကျိုးပြုရေးကိုဦးတည်၍ ဗန်းမော်မြို့နယ် သမဝါယမအသင်းစုမှ ထုတ်လုပ်သော ၁၀၀ ရာခိုင်နှုန်းပြည့် မြေပဲဆီသန့်ကို တစ်ပိဿာလျှင် ကျပ်တစ်သောင်း ငါးထောင်နှုန်းဖြင့် ပိဿာ(၂၀၀)ကိုလည်းကောင်း၊ ကြက်သွန်နီတစ်ပိဿာလျှင် နှစ်ထောင်ကျပ် နှုန်းဖြင့် ပိဿာ(၆၀) ကိုလည်းကောင်း လူတစ်ဦးလျှင် တစ်မျိုးစီကို တစ်ပိဿာနှုန်းဖြင့် ရောင်းချ ပေးခြင်းဖြစ်ကြောင်းနှင့် မြေပဲဆီသန့် တစ်ပိဿာ ပြင်ပပေါက်ဈေး ကျပ်တစ်သောင်းခုနှစ်ထောင် နှုန်း၊ ကြက်သွန်နီ တစ်ပိဿာပြင်ပပေါက်ဈေး ကျပ်သုံးထောင်နှုန်း ရှိကြောင်း ဗန်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သူဇာအေးထံမှသိရသည်။

ခရိုင်ပြန်/ဆက်