ပုဏ္ဏားကျွန်း ဇူလိုင် ၁
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ကျေးရွာအုပ်စုများအတွက် ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့၊ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံဗိုလ်မှူးချုပ် ဝင်းမောင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီး အကဲတို့၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ရာ၌ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန် အောင်မြင် မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သာသနာရေးကဏ္ဍများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရာတွင်လည်း ဌာနဆိုင်ရာများနှင့် ပြည်သူများဝိုင်းရံပြီး၊ အကောင်းဆုံး ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အသိအမှတ်ပြုပါကြောင်း၊ မိမိတို့ကျေးရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးပေးကြရန်လိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးသည့် ကလေး ကျောင်းဝတ်စုံများ၊ ခြင်ထောင်၊ ရွှေဝါဆပ်ပြာခဲ၊ အသင့်စားဆန်ရိက္ခာထုတ်၊ စောင်၊ အဝတ်အထည် များ၊ ဖိနပ်များ၊ အစာခြောက်ထုတ်နှင့်ဆန်ရိက္ခာများကို မုန်တိုင်းဘေးသင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုလူဦးရေစာရင်းပေါ်မူတည်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)