မှော်ဘီ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောင့်ရေးဦးစီးဌာနနှင့် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာ၊ ကျက်သရေကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က အဖွင့်အမှာစကားနှင့် TA/LT ဆရာ၊ ဆရာမများခန့်ထားခြင်း အကြောင်းအရာများ ရှင်းလင်း ပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက စစ်တမ်းကောက်ယူရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်နှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်တို့က ဝန်ကြီးဌာနမိတ်ဆက်ခြင်း၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ကြပြီး ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်းများကို ဇွန် ၃၀ ရက်နေ့မှ ဇူလိုင်၄ ရက်နေ့အထိ စာတွေ့လက်တွေ့ ၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)