သန်လျင် အောက်တိုဘာ ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်)၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (ခရိုင်တာဝန်ခံ)နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ မ်ား၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရန်ကုန်တောင်ပိုင်းခရိုင် (တာဝန်ခံ) ဦးကျော်မိုးကြည်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့် ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်းနှင့် ရန်ကုန် တောင်ပိုင်း ခရိုင်အတွင်း မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ် နိုင်ရေးတို့အား ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် ခရိုင်အတွင်း မြို့နယ်များ၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား သင်တန်းဖွင့်လှစ်ပို့ချရေး၊ ရွေးကောက်ပွဲကာလ နီးကပ်လာပြီဖြစ်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ ရပ်ကွက်နှင့််ကျေးရွာများသို့ ကွင်းဆင်းသွားရောက်၍ ကြီးကြပ်ကွပ်ကဲစီမံပေးသွားကြရန်တို့အား ရှင်းလင်းပြော ကြားပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးမင်းက မဲရုံလျာထားမှုများနှင့် ဒုတိယ အကြိမ်မဲစာရင်း ကပ်ထားကြေညာချက်များ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်ပို့ချမည့် အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရေးတို့အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့က လိုအပ်သည်များဖြည့်စွက် ဆွေးနွေးတင်ပြကြရာ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရန်ကုန်တောင်ပိုင်းခရိုင် (တာဝန်ခံ) က ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၀၇၅၁၆ဦး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း ၁၇၄၄ ရုံ ထားရှိပေးထား မည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက်များအညီ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက် ထားရှိ ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)