နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၃၀

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နေပြည်တော်အတွင်း အချိန်စေ့လွန်ကြွေးကျန်(NPL)များ လျော့နည်းကျဆင်းရေး၊ ချေးငွေအသစ်များ အချိန်မီပြန်လည် ထုတ်ချေးနိုင်ရေး၊ ဘဏ်လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေးနှင့် ပြန်လည် ကောက်ခံရရှိရေး လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ချေးငွေ အကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ နေပြည်တော်ချေးငွေ အကြံပေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် ချေးငွေအကြံပေးဥက္ကဋ္ဌများက ယခင်နှစ် ရလဒ်ကောင်းရရှိခဲ့သည့် အတွေ့အကြုံ သင်ခန်းစာများအပေါ်အခြေခံ၍ နိုင်ငံတော်၏ဘဏ္ဍာများဖြစ်သည့် ချေးငွေများ ပြန်လည်ကောက်ခံရရှိအောင် ကြပ်မတ်ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေအကြံပေးအဖွဲ့၊ အတွင်းရေးမှူး နေပြည်တော် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်အေးမင်းသင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးနိုင်မှု၊ ကြွေးကျန်များကောက်ယူနိုင်မှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အခြေအနေအား ရှင်းလင်းတင်ပြသည်။

ယင်းနောက်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ခရိုင်/မြို့နယ် ဘဏ်ခွဲမန်နေဂျာများအား ရုံးချုပ်မှ ချီးမြှင့်သည့်ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၀ မိုးစိုက်ပျိုးစရိတ် ချေးငွေများ ​ဆောလျင်စွာပြေကျေခဲ့သည့် ရပ်ကျေးချေးငွေ စိစစ်ရေးဥက္ကဋ္ဌ လေးဦး၊ အတွင်းရေးမှူး လေးဦးတို့နှင့် နေပြည်တော်အတွင်း ၂၀၂၀ မိုးစိုက်ပျိုးစရိတ် ချေးငွေနှင့် ကိုဗစ်အထူးချေးငွေ နှစ်မျိုးစလုံး အစောဆုံး ပြေကျေသည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေးနှင့် ပြန်လည်ကောက်ခံရရှိရေး လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)