လှည်းကူးမြို့နယ်တွင် အခြေခံမော်တာစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

လှည်းကူး     ဇွန်     ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်းဆင်းပွဲကို  ယနေ့နံနက်ပိုင်းက ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် လှည်းကူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစောဘသိန်းနှင့် မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးတို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးက သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးကိုသင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြဆရာမအား နည်းပညာထောက်ပံ့ကြေးများပေးအပ်သည်။

ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်း/သူများချုပ်လုပ်ထားသော အဝတ်အထည်များအား လှည့်လည်ကြည့်ရှုပြီး အဆိုပါသင်တန်းကို ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး  သင်တန်းသား/ သူ(၂၀)ဦးတို့ တက်ရောက်ကြကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)