တွံတေး ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေရေး၊ သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက် တည့်တံ့ရေး၊ သက်ရှိလူသားများ၏ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြေရေးသာယာရေးကို အထောက်အကူပြုစေရေး ရာသီဥတု ပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က တလုတ္ထော်ကျေးရွာအုပ်စု၊ မူးလမန်းကျေးရွာ၊ အ.မ.က စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးတင်မြင့်တို့က စိုက်ပျိုးသွားမည့် ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း၊ ခရိုင်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သုတအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ( ၁၀၀ )ဦးတို့က ကျွန်း( ၂၅ )ပင်၊ ငုရွှေဝါ( ၂၅ )ပင်၊ မဟော်ဂနီ(၅၀ )ပင်၊ ခရေ(၅၅ )ပင်၊ စိန်ပန်း( ၅၀ )ပင်၊ ကံ့ကော်( ၅၅ )ပင်နှင့် ပျဉ်းကတိုး(၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၃၁၀)ပင်တို့ကို တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
တွံတေးသား