နမ္မတူတွင် ရာသီပေါ်အစားအစာ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

နမ္မတူ ဇွန် ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဟင်းအဖြစ် ကြော်စား၊ ချက်စားခြင်းနှင့် အချဉ်သိပ်၍စားရသော ရာသီပေါ်အစားအစာ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့်တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်ပို့မှိုများသည် နှစ်စဉ်မိုးရာသီကာလတွင် တောင်ယာခြံများနှင့် တောတွင်းရှိ တောင်ပို့များအနီးတွင် ပေါက်ရောက်လျက်ရှိသောကြောင့် မှိုရှာဖွေသည့်တောင်သူများအနေဖြင့် အဆိုပါနေရာများတွင် မှိုများရှာဖွေတူးယူရရှိသည်။

မှိုတစ်ကျင်းလျှင် အနည်းဆုံး ၅၀ ကျပ်သားမှ အများဆုံး ၅ ပိဿာခန့် တူးယူရရှိပြီး ယခင်နှစ်တွင် တောင်ပို့မှို တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်ခန့်ရရှိပြီး ယခုနှစ်တွင် တောင်ပို့မှို တစ်ပိဿာ လျှင် ငွေကျပ် ၂၅၀၀၀ ကျပ်ခန့်ရရှိကာ ဈေးပိုမိုရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မှိုရှာဖွေရောင်းချသည့် တောင်သူတစ်ဦးထံက သိရ သည်။

လူမော် (ပြန်/ဆက်)