မိတ္ထီလာ ဇွန် ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အဆိုပါ တက္ကသိုလ် အားကစား ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ စားပွဲတင်တင်းနစ်အသင်းလိုက် ဗိုလ်လုပွဲကိုကျင်းပရာ သတ္တဗေဒအသင်းအား ဘူမိဗေဒအသင်း ကအနိုင်ရခဲ့ပြီး စားပွဲတင် တင်းနစ်နှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် သတ္တဗေဒအသင်းအား ရုက္ခဗေဒအသင်းက အနိုင်ရခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ စားပွဲတင်တင်းနစ် နှစ်ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရ သမိုင်း၊ ဒုတိယဆုရ သတ္တဗေဒ၊ ပထမဆုရ ရုက္ခဗေဒ၊ စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရ ရုက္ခဗေဒ၊ ဒုတိယဆုရ သတ္တဗေဒ၊ ပထမဆုရ ဘူမိဗေဒအသင်းတို့ တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရှိခဲ့သောအသင်းများအား တံခွန်စိုက်ဒိုင်းဆုများကိုလည်းကောင်း၊ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိ၊ ဒုတိယပါမောက္ခချုပ် ဒေါက်နေအောင်နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ဘာသာရပ်ပေါင်းစုံ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဘူမိဗေဒ ၊ သတ္တဗေဒ ၊ ဓာတုဗေဒ ၊ ရုက္ခဗေဒ၊ သမိုင်း၊ သင်္ချာနှင့် ရူပဗေဒအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့မှ ၃ဝရက်နေ့အထိ ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ