ဟိုပုံးမြို့နယ်၌ ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဟိုပုံး  ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကြိုးပြင်ကာကွယ် တောအဖြစ်သတ်မှတ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဘော်ကုန်းကျေးရွာအုပ်စု၊ နမ့်ပေါ်စွန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရဲထွန်းအောင်၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်နိုင်ဦးတို့က ဒေသခံပြည်သူများအား ပြောကြားရာတွင် ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ရာတွင် သဘာဝတောများ၊ ရေထွက်ဦးများထိန်းသိမ်းရန်၊ ရေထိန်းနိုင်မှုစွမ်းအားမြင့်မားစေရန်၊ ဒေသဝန်းကျင်ရှိ သဘာဝပတ်ဝန်း ကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန်၊ သစ်တောဖုံးလွမ်းမှုကောင်းမွန်လာစေခြင်းဖြင့်‌ ဒေသ၏ရေရှည်လူမှုဘဝဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားသည်။  ထို့နောက် ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ၏ (မြောက်ပိုင်း) ကြိုးပြင် ကာကွယ်တောဖွဲ့စည်းရန် လျာထားသည့် ဧက(၁၄၀၀)တွင် ကျောက်တန်းကျေးရွာအုပ်စုမှ မြေလွတ် မြေရိုင်း ဧရိယာ(၇၇၉.၃၀)ဧကနှင့်် ဘော်ကုန်းကျေးရွာအုပ်စုအတွင်းမှ မြေလွတ်မြေရိုင်း ဧရိယာ (၆၂၀.၇၀)ဧက စုစုပေါင်း(၁၄၀၀)ဧကအား ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)