ပင်းတယ ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ တောင်သူများသည် သဘာဝ၊ တောတောင်၊ ရေ၊ မြေဆီလွှာနှင့် ကိုက်ညီသော ရာသီဉတုရှိသည့် တောင်ပေါ်ဒေသဖြစ်သည်နှင့် အညီ၊ ဓနုတိုင်းရင်းသားများသည် ရှေးယခင်ကပင်ဘိုးဘွားအစဉ်အဆက်စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် စိုက်ပျိုးလုပ်ကိုင်ရောင်းချလျက်ရှိကြရာ ယခုအခါတွင် မိုးဦးကျကာလ၌ စိုက်ပျိုးထားသည့် ဂျင်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ် အနီးအနားကျေးရွာများဖြစ်သည့် အင်းငယ်၊ ဇော်ဂျီ၊ ဖနန်ရွာ၊ ညောင်ဝန်း၊ ညောင်ကောက်၊ အုံအက်အစရှိသည့် ကျေးရွာများတွင် ဂျင်းပင်အများအပြားစိုက်ပျိုးထားပြီး ဂျင်းပင်များကို မိုးဦးကျကာလဖြစ်သည့် မေလတတိယအပတ်တွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးကာလ (၂)လခန့် အကြာတွင် ဂျင်းတက်ပွားများထွက်လာပါက မူလဂျင်းတက် ဟောင်းများအား ပြန်လည်တူးဖော်ရောင်းချကာ အသစ်ထွက်လာသည့် ဂျင်းတက်အသစ်များအား နောက် (၄)လခန့်အကြာတွင် စတင်တူးဖော်ရောင်းချနိုင်ပြီဖြစ်ကြောင်းနှင့် ဂျင်းများကိုရောင်းချရာတွင် ဂျင်းအစိုနှင့် ဂျင်းအခြောက်နှစ်မျိုးပြုလုပ်ရောင်းချကြကြောင်း သိရသည်။
ယခုအခါတွင် ပင်းတယမြို့နယ်အတွင်းရှိ ဒေသထွက်ဂျင်းအစို (၁)ပိသာလျှင် (၄၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေပြီး ယခုစိုက်ပျိုးထားသည့် ဂျင်းပင်များ တူးဖော် ရောင်းချချိန်တွင် အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိရန်မျှော်လင့်နေကြောင်း ဂျင်း စိုက်ပျိုးသည့် တောင်သူ တစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)