ကမ္ဘာ့ဘဏ်(World Bank)၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာပါ တွေ့ရှိချက်များ ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇွန် ၃၀

ကမ္ဘာ့ဘဏ် (World Bank) သည် နှစ်စဉ်မြန်မာ့စီးပွားရေး အခြေအနေကို စောင့်ကြည့်လေ့လာသုံးသပ်၍ တွေ့ရှိချက်များကို ခြောက်လတစ်ကြိမ် ခြုံငုံ၍ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင် ခံစာကို ပြုစုထုတ်ပြန်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွက် ဒုတိယအကြိမ်အစီရင်ခံစာဖြစ်သည့် “World Bank Myanmar Economic Monitor” ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည် စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အသင်းချုပ်ဥက္ကဋ္ဌဦးအေးဝင်းက “World Bank နှင့် UMFCCI တို့သည် ပုဂ္ဂလိက ကဏ္ဍစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးယခင်ကတည်းကပင် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းချုပ်၏ရည်မှန်းချက်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ စီးပွားရေးတိုးတက်စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးဝန်းကျင်ကောင်း တစ်ခုကို ဖော်ဆောင်ပေးနိုင်ကာ နိုင်ငံတွင်း စီးပွားရေးရေရှည်တိုးတက်မှုကို အားကောင်းလာစေမည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင်သည့်အခါ  World Bank ၏ စီးပွားရေးဆိုင်ရာ ထိုးထွင်းလေ့လာချက်များ၊ အကြံပြုချက်များကိုလည်း အလေးထား ထည့်သွင်းစဥ်းစားပါကြောင်း၊ စကားဝိုင်းဆွေးနွေးပွဲတွင်လည်း ထိရောက်အကျိုးရှိသည့် ဆွေးနွေး ပွဲရလဒ်များကို မျှော်လင့်ပါကြောင်း” ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်(World Bank)Country Director, Ms. Mariam Sherman က “ World Bank အနေဖြင့် ကမ္ဘာ့နိုင်ငံတော်တော်များများအတွက် စီးပွားရေးစောင့်ကြည့် အစီရင်ခံစာကို ရေးသား ပြုစုလျက်ရှိပြီး မြန်မာနိုင်ငံအတွက် စီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို တစ်နှစ်လျှင်နှစ်ကြိမ် ရေးသားပြုစုလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကဏ္ဍအလိုက် စာရင်းဇယားများ ပြုစု၍ သုံးသပ်လျက်ရှိပြီး လက်ရှိမြေပြင်စီးပွားရေး အခြေအနေများကို UMFCCI နှင့် အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ရရှိသည်ဖြစ်၍ ကျေးဇူးတင်ရှိပါကြောင်း၊ ဆင်းရဲ မွဲတေမှု လျှော့ချရေးအတွက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် စစ်တမ်းများကိုလည်း ဆက်လက်ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုလိုစိန်ခေါ် မှုများသည့်ကာလတွင် နိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေတွေ့ရှိရန် ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ Mr. Kim Edwards (Senior Economist and Program Leader) နှင့် Mr. Kemoh Mansaray (Senior Country Economist)တို့က Myanmar Economic Monitor June-2023 တွေ့ရှိချက်များတွင် ၂၀၂၃ ခုနှစ် အစောပိုင်းနှစ်ဝက်ကာလတွင် စီးပွားရေးအခြေအနေများ တည်ငြိမ်သည်ကိုတွေ့ရပြီး ရေရှည်တည်တံ့ခိုင်မာစေရေးအတွက်ကို အားနည်းနေသေးခြင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ခြင်း၊ ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိသော်လည်း အာမခံ လုပ်ငန်းများတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ခြင်း၊ အလုပ်သမားစျေးကွက်တွင် အားနည်း လျက်ရှိနေဆဲဖြစ်ခြင်းစသည်တို့ကို တွေ့ရှိရပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး World Bank Senior Economist, Mr. Kemoh Mansaray မှ Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး Macroeconomics, Trade and Investment မှ Practice Manager, Mr. Sebastian Eckardt , ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်းဥက္ကဋ္ဌဦးသူရိန်ငြိမ်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ပိုင်တို့မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သွင်းကုန်အစားထိုး၊ စိုက်ပျိုးရေးထွက်ကုန်၊ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ၊ မူဝါဒရေးရာ၊ သွင်းကုန်/ပို့ကုန်လုပ်ငန်းကဏ္ဍများတွင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ယင်းတို့ကိုကျော်လွှား၍ ပြန်လည်ဦးမော့လာစေရန် လုပ်ဆောင်သင့်သည့် အချက်များ၊ လာမည့်နှစ်ဝက်တာကာလအတွင်း စီးပွားရေးလုပ်ငန်းများ၏ အခြေအနေ ပိုမိုတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်လာခြင်း၊ ယခုမိုးတွင်း ကာလဖြစ်သည့်အတွက် လျှပ်စစ်မီးရရှိမှု အခြေအနေ ပိုမိုကောင်းမွန်လာခြင်း၊ ယခုတွေ့ရှိ ချက်များမှသည် ဆက်လက်၍ တိုးတက်အောင်မြင်ရန် နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်းစသည်တို့ကို ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခဲ့ကြသည့်အပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အောင်မြင့်(ပြန်/ဆက်)