တံတားဦး ဇွန် ၃၀
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေး အဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသောသီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြရာ ယခုနှစ်မိုးဦး ကာလတွင် စိုက်ပျိုးထားသည့် မြေပဲစိုက်တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်းသိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးဦးမြေပဲကို အများအပြားစိုက်ပျိုးကြပြီး အချို့သော တောင်သူများသည် မြေပဲကို နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ မိုးဦးကာလမြေပဲကို မေလမှစတင်ကာ စိုက်ပျိုးကြသည်။
“ကျွန်တော်ကတော့ မြေပဲကို မိသားစု စားသုံးဆီဖူလုံရေးနှင့် မိသားစုဝင်ငွေရရှိရေးအတွက် ဘိုးဘွား အစဉ်အဆက် နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးခဲ့ပါတယ်၊ အခုနှစ် မှာ မြေပဲကို (၁) ဧကလျှင် (၁၀) ပြည်နှုန်းဖြင့် (၅) ဧက စိုက်ပျိုးထားပါတယ်၊ မြေပဲကိုစိုက်ပျိုးအချိန် တစ်လခန့်အကြာမှာ အပင်ပေါက်လေးတွေ ထွက်လာ ပြီးဆိုရင် ပေါင်းသင်ရှင်းလင်းပြီးတော့ သဘာဝမြေဩဇာ အနည်းငယ်ပက်ကျဲလိုက်တယ်၊ ဒါမျိုးပက်ကျဲပြီးဆို အခြားသီးနှံစိုက်ပျိုးသလိုမျိုး ထွေထွေထူးထူး ပြုစု ပေးစရာ မလိုတော့ပါဘူး၊ စိုက်ပျိုးပြီး (၄) လခန့်အကြာတွင် မြေပဲကိုနုတ်သိမ်းလို့ရပါပြီ၊ ကျွန်တော် ယခုစိုက်ပျိုးထားတဲ့ မြေပဲ (၅) ဧကမှာ တစ်ဧကကို အခွံ မချွတ်ရသေးတဲ့ မြေပဲတောင့်အစို (၇၀) အိတ်နှုန်း ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားတာပေါ့၊ ထွက်ရှိလာတဲ့ မြေပဲတွေကို မိသားစု စားသုံးဆီဖူလုံရေးအတွက် ထားပြီးတော့ ဈေကောင်းပေးဝယ်သူတွေထံကို ပြန်ရောင်းချတယ်၊ ယခုနှစ်မှာ စိုက်ပျိုးထားတဲ့မြေပဲတွေ ယခင်နှစ်ထက် အထွက်နှုန်းတိုးရေးနှင့် ဈေးကောင်း ရရှိဖို့ မျှောင့်လင့်နေပါတယ် “ ဟု ဇီးချောင်းကျေးရွာ မြေပဲစိုက်တောင်သူ ဦးကျော်စိုးက ရှင်းပြကြောင်း သိရသည်။
ရဲတင့်