သင်္ဃန်းကျွန်း ဇွန် ၃၀
အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ “အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စာရေးဆရာမေမြတ်စန္ဒာမှ မြန်မာအမျိုးသမီးတို့သည် လူမှုအဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်သည့် စွမ်းအားမှာ ပိုမိုမြင့်မားလာကြောင်း၊ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရင်ဘောင်တန်းကာ ဆောင်ရွက်နိုင်သည့် စွမ်းပကားများမြင့်မားလာမှုကြောင့် တန်းတူအခွင့်အရေးပေးမှုကို များစွာခံစားရသည့်အတွက် အမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်ယူဝင့်ကြွားလေးစားခဲ့ရပါကြောင်း၊ အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Women Club ဥက္ကဋ္ဌဒေါ်စန်းစန်းမြင့်က မြန်မာအမျိုးသမီးတို့၏ ဘဝများကိုခြိမ်းခြောက်ခံရပါက ယဉ်ကျေးမှုစံနှုန်းများကလည်း လျော့နည်းနိမ့်ကျလာနိုင်ကြောင်း၊ မြန်မာအမျိုးသမီးများကို မိခင်နှင့်တန်းတူသဘောထားလေ့ရှိသော ထုံးတမ်းစဉ်လာတစ်ခုအဖြစ် လက်ခံခဲ့ကြသော မြန်မာလူမျိုးများသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများကို ရှောင်ရှားသင့်ကြောင်းနှင့် မြန်မာအမျိုးသမီးတို့၏ အခွင့်အရေးကို နိုင်ငံ၏အနာဂတ်နှင့်ယှဉ်လျက် တန်ဖိုးထားစောင့်ရှောက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)