ကျောက်ဆည်မြို့၌လျှပ်စစ်မီးသုံးစွဲသူပြည်သူ (၁၄၉၇၀) ဦး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများခုတ်ထွင်

ကျောက်ဆည် ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ရပ်ကွက် (၃) ရပ်ကွက်နှင့်ကျေးရွာ (၁၈) ရွာမှ လျှပ်စစ်မီးသုံးစွဲသူပြည်သူ (၁၄၉၇၀) ဦး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ယနေ့နံနက် (၉) နာရီက မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာဦးဆောင်မှုဖြင့် တာဝန်ရှိသူဝန်ထမ်းများက ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ဓာတ်အားခွဲရုံမှ မုံ့ပေါင်းလျှပ်စစ်ဖီတာနှင့် ဆက်သွယ်ထားသော (၃၃/၁၁) ကေဗွီ လျှပ်စစ်ကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခဲ့ကြောင်းနှင့် သစ်ပင်၊ သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းမှုကြောင့် ကျောက်ဆည်မြို့၊ ရဲစု၊ အေးမြကြည်လင်၊ တံစိုးဂိတ်ရက်ကွက် (၃) ခုနှင့် ပြည်ပန်း၊ ထနောင်းပင်လှ၊ တောင်ပို့၊ ပင်တလည်၊ သပြေသာ၊ သပြေတော၊ နတ်ရင်းကုန်း၊ ပုထိုးနီ၊ မုံ့ပေါင်း၊ထားဝယ်၊ သမန္တလင်း၊ မယ်ဇယ်တော၊ ကျားအိုကြီး၊ ကျားအိုလေး၊ တုံလုံ၊ ရှမ်းတောင်ဦး၊ လက်ပန်ဇင်၊ ဇီးပင်ဝန်းစသည့်ကျေးရွာ (၁၈) ရွာမှ လျှပ်စစ်မီး သုံးစွဲသူပြည် (၁၄၉၇၀) ဦးတို့ လျှပ်စစ်မီးသုံးစွဲရာတွင် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများအပြင် ပြည်သူများ လျှပ်စစ်အန္တရာယ်မရှိစေရေးနှင့် ဓာတ်အားဆုံးရှုံးမှုမရှိစေရေး လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်ဓာတ်တိုင်များကိုလည်း ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး