ကော့မှူး ဇွန် ၃၀
ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီကစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးလူမင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝထံသစ်ပင်များပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးကျော်ဇင်စိုးထံ သစ်ပင်များပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလူမင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇင်စိုးနှင့်ကျောင်းသားများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ကမန်ဂျန်ရှားအပင်(၇၀၀)ပင်၊ မဟော်ဂနီ(၃၀၀)ပင်၊ မယ်ဇလီ(၂၀၀)ပင်၊ စုစုပေါင်း(၁၂၀၀)ပင်တို့အား တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနနေဖြင့် သစ်တောသစ်ပင်များစိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရေး သစ်တောဂေဟာစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှကာကွယ်နိုင်ရန်နှင့် သက်ရှိလူသားများ၏ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်စေရေးတို့အတွက်ရည်ရွယ်၍ စိုက်ပျိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး