အမရပူရ ဇွန် ၃၀
အမရပူရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်း ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ ရွှေကြက်ကျဘုရားအနီး ဧရာဝတီမြစ်ဆိပ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ငါးသယံဇာတမပြုန်းတီးစေရေး၊ ငါးစားသုံးမှု ဖူလုံရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါးလုပ်ငန်းစခန်းများဖြစ်သည့် ရေနံသာငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်ရေ သုံးသောင်း၊ သရက်ကုန်းငါးစခန်းမှ ငါးသားပေါက်ကောင်ရေ သုံးသောင်းနှင့် နတ်ရေကန်ငါးစခန်းမှ ငါးသားပေါက်ကောင်ရေ လေးသောင်းကို အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့်တာ ဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက ရွှေဝါငါးကြင်း(၂)လက်မ အရွယ်ကောင်ရေ (၇)သောင်း ငါးခုံးမကြီး(၂)လက်မ အရွယ် ကောင်ရေ (၃)သောင်း စုစုပေါင်းကောင်ရေ (၁)သိန်း တို့ကို တစ်ပြိုင်တည်း ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အမရပူရခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ် ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ခြင်း၊ အင်းအိုင်ချောင်းမြောင်းများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းတို့ကို စဉ် ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးမင်းက ပြောပြ၍ သိရသည်။
စိုးသီဟ(ပြန်/ဆက်)