လားရှိုးမြို့ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင် စာအုပ်အသစ်များထပ်မံရောက်ရှိလာပြီး စာချစ်သူများ စိတ်ဝင်တစားလာရောက်ဝယ်ယူ

လားရှိုး ဇွန် ၂၉

လားရှိုးမြို့  လူထုအခြေပြုဗဟိုဌာန ( Community Centre ) တွင် ဖွင့်လှစ်ထားသည့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်တွင် နောက်ဆုံးထုတ်စာအုပ်အသစ်များ ထပ်မံရောက်ရှိလာပြီး စာချစ်သူများ လာရောက် အားပေးဝယ်ယူလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများနှင့်စာပေချစ်သူများအတွက် စာကောင်းပေမွန်များ အလွယ်တကူဝယ်ယူရရှိနိုင်ရေး စာအုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ လားရှိုးမြို့ပေါ်ရှိ စာချစ်သူများအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသအသီးသီးမှ စာချစ်သူများ စိတ်ဝင်တစား လာရောက်လေ့လာ ဝယ်ယူလျက်ရှိကြသည်။

“ကျွန်တော်က စာပေဗိမာန်ထုတ်စာအုပ်တွေကိုကြိုက်တယ်။ ဒီစာအုပ်တွေကို ဖတ်ရတာ အင်မတန် ဗဟုသုတရတယ်။ဥပမာအားဖြင့် ထန်းပင်အကြောင်း ရေးထားရင် သူက ဒီအကြောင်းကို သေချာလေ့လာပြီးမှ ရေးထားတော့ ထန်းပင်နဲ့ပတ်သက်တဲ့အကြောင်း၊ အဇီး(ခေါ်)ဇိုင်းဝါးသွေးချင်းများ၊ ကယားတို့၏ ဘဝဓလေ့၊ တအာင်း(ပလောင်) လူမျိုးတို့အကြောင်းစသဖြင့်ပေါ့။ တိုင်းရင်းသားအကြောင်းတွေရေးထားတဲ့ စာအုပ်တွေဆို တိုင်းရင်းသားလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေ၊ လူမျိုးအကြောင်းတွေကို   သေသေချာချာသိရတယ်။ အကြောင်း အရာတစ်ခုအကြောင်းကို တိတိကျကျသိရတယ်။ အသုံးလိုသူတွေအတွက် မှီးငြမ်းကိုးကားနိုင်တယ်။ နောက်တစ်ချက်က ဒီလိုစာအုပ်မျိုးကို  ဈေးနှုန်းကလည်း ချိုသာတယ်။ စာအုပ်ဆိုင်တိုင်းမှာလည်း ဒီလိုစာအုပ်မျိုးတွေ ရှာဝယ်လို့မရနိုင်ဘူး။”ဟု  စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင် လာရောက်ကာ စာအုပ်ဝယ်ယူသည့် စာချစ်သူတစ်ဦး ကပြောသည်။

လားရှိုးမြို့ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင် စာပေဗိမာန်ထုတ် စာအုပ်စာစောင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်စာအုပ်စာစောင်များနှင့် ပြင်ပစာပေတိုက်ထုတ်စာအုပ်များ ရောင်းချကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)