နောင်ချိုမြို့ မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန် အလှူတော်ငွေ ကျပ်သိန်း ၃၀ လှူဒါန်း

နောင်ချို ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများကို ယမန်နေ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လှူဒါန်းရာတွင် တိပိဋကကောဝိဒ ကမ္ဘောဇဆရာတော် ဘဒ္ဒန္တဝိရိယာနန္ဒအရှင်သူမြတ်မှ အလှူတော်ငွေကျပ်သိန်း (၃၀) ကိုပေးပို့၍ လှူဒါန်းခဲ့ရာမြို့နယ် သံဃနာယကဥက္ကဋ္ဌ ခြေမြစ်ပင်ကျောင်းဆရာတော်မှ လက်ခံရယူခဲ့သည်။ 

အဆိုပါ မြို့နယ်သာသနာ့ ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံးကို မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၏ ဩဝါဒကိုခံယူကာ သဖန်းကိုင်း ပရဟိတဆရာတော်မှ ဦးဆောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရန်အတွက် ဒါနရှင်၊ ပါရမီရှင်၊ ကုသိုလ်ရှင်များက တတ်အားသရွေ့ ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)