မှော်ဘီ ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရရှိခဲ့သည့် ညောင်ကုန်းကျေးရွာအုပ်စု၊ မြောက်ချောကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရရှိသော ညောင်ကုန်းကျေးရွာအုပ်စု၊ မြောက်ချောကုန်းကျေးရွာနေ ပြည်သူများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခဲ့ကာ ကျေးရွာကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ(၂၅၀)၊ အိမ်ထောင်စု(၂၅၅)စုရှိပြီး မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဉီးဝင်းဇော် (ပြန်/ဆက်)