လယ်ဝေး ဇွန် ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူလျက်ရှိသည့် ကျေးရွာများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ eIDဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာတွင် Biometric Data ကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးရာ လယ်ဝေးခရိုင် ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးတို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် သပြေပင်ကျေးရွာသို့ သွားရောက်ကာ စာရင်းကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား တွေ့ဆုံ၍ လိုအပ်ချက်နှင့်အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)