လားရှိုးနှင့်သီပေါမြို့နယ်ထွက် နာနတ်သီးများ ဈေးကွက်အတွင်း ရောင်းအားကောင်းနေပြီး နယ်မြေဒေသစုံသို့ တင်ပို့ရောင်းချ

လားရှိုး ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်နှင့်သီပေါမြို့နယ်အတွင်းတွင်  စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော နာနတ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ နာနတ်သီးများကို နောင်မွန်၊ အီနိုင်း၊ နမ့်ပေါင်၊ စဉ့်အင် ကျေးရွာများနှင့် သီပေါမြို့နယ်အတွင်းရှိ ကုန်းသာ၊ ဆွန်လုံကျေးရွာများတွင် အများအပြား စိုက်ပျိုးကြပြီး နယ်မြေဒေသစုံသို့ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“ဒီတစ်နှစ်တော့ နာနတ်သီးဈေးကောင်းတယ်။ အရင်နှစ်ကတစ်လုံးမှ တစ်ထောင့်ငါးရာဈေး ပတ်ဝန်းကျင်ပဲရှိတယ်။ ဒီတစ်နှစ်တော့ ဈေးကောင်းတယ်။ တစ်လုံးကို နှစ်ထောင့်ငါးရာဈေးရှိတယ်။ အဓိက ရောင်းရတာတော့ ကုန်းသာသီးပေါ့။ ”ဟု နာနတ်သီးရောင်းချသူတစ်ဦး ကပြောသည်။

ယခုနှစ်အတွင်း လားရှိုးမြို့တွင် နာနတ်သီးတစ်လုံးလျှင် နှစ်ထောင်မှနှစ်ထောင့်ငါးရာဈေးအထိရှိနေပြီး  လားရှိုးနှင့်သီပေါဒေသထွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လောက်ကိုင်၊ မူဆယ်မြို့များသို့ အဓိက တင်ပို့ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်(လားရှိုး)