မောင်တော ဇွန် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်ဆိုင်ရာထိခိုက်မှုများ၊ ပုဒ်မ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့ စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး စံမင်းက လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်ဆာလုပ်ခိုင်းစေခြင်းများ၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုး ပြုလုပ်စေခြင်း၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှု ကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းစသည့် ပြစ်မှု၊ပြစ်ဒဏ်များ ဆောင်ရန်၊ ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအား ပြောကြားကာ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုအခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးစံမင်းနှင့်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်နှင့် ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)