နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်ရေး(အခြေခံ)သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇွန် ၂၇

မြန်မာနိုင်ငံလူမှုကူညီရေးအသင်း၊ ကချင်ပြည်နယ်မှ ကြီးမှူး၍ Rest In Peace Group နှင့် ပြည်နယ်အတွင်း ပရဟိတလူမှုကူညီရေးအသင်း/အဖွဲ့ (၂၀)ကျော်မှ အသင်းသား (၁၉၀)ဦးခန့်တို့ အတွက် နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်ဆယ်ရေး(အခြေခံ)သင်တန်း အမှတ် (၂) ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ပိုင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကာလတွင် အသင်းအဖွဲ့များ အားကောင်းလာပြီး ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများတွင် ယခင် ကထက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်သည်ကို တွေ့ရှိရသည့်အတွက် မိမိတို့အစိုးရအဖွဲ့ အနေဖြင့်အသင်းအဖွဲ့များအားလုံးကို ဥပဒေဘောင်အတွင်းမှ အစွမ်းကုန်ကူညီကာကွယ်စောင့်ရှောက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လူတိုင်းမလုပ်နိုင်သည့် ပရဟိတလုပ်ငန်းများတွင် စိတ်စေတနာထက် သန်စွာဆောင်ရွက်ချင်စိတ်ရှိသည့် လူငယ်၊ လူရွယ်များကို ယခုထက်ပိုပြီး သင်တန်းများပို့ချ မွေးထုတ် ပေးခြင်းအားဖြင့် ပြည်နယ်အတွင်းရှိ လူ့အသက်ပေါင်းများစွာကို ပိုမိုကယ်ဆယ်စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မင်းဦးက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး သင်တန်းများဖွင့်လှစ်ပို့ချသွား မည့်အစီအစဉ်များကိုလည်းကောင်း၊ Rest In Peace Group နှင့် မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့ ကချင်ပြည်နယ်အသင်းမှ အတွင်းရေးမှူး ဦးဝဘော်ဆိုင်းနော်က ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွဲ့အတွက် ထောက်ပံ့လှူဒါန်းငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ထောက်ပံ့ငွေများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ (၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး၊ လုပ်ထုံး လုပ်နည်းနှင့် အညီ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ များကို ခရိုင်၊ မြို့နယ်များတွင် ဆောင်ရွက်ရသည့် လုပ်ငန်းစီမံကိန်းများအလိုက် စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ပုံငွေများကို ခွင့်ပြုချထားပေးခဲ့ပြီး  ဘဏ္ဍာငွေလုပ်ထုံးလုပ်နည်းနှင့် အညီ ချေးငွေများအပေါ် ပထမ (၆)လအတွက် အတိုးငွေများကိုလည်း ပြန်လည်ကောက်ခံရရှိနေပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်မှုများကို ယခုလိုပုံမှန်လည်ပတ်နိုင်အောင် ဝိုင်းဝန်း ကြိုးစားခဲ့ကြသည့် ကော်မတီအဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းများ ပုံမှန်လည်ပတ်မှု ပိုမိုတိုးတက် အောင်မြင်စေရေး၊ ယခုနှစ်ထက် လာမည့်နှစ်များတွင် လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ဒေသခံတောင်သူများ လက်တွေ့အကျိုးဖြစ်ထွန်းအောင်မြင်စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေး ရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းစီမံကိန်းများအလိုက် အတိုးငွေများ လက်ခံ ရရှိမှုနှင့် ဆက်လက်ကောက်ခံနေသည့်အခြေအနေများ၊ ခရိုင်/ မြို့နယ်အဆင့်ကော်မတီများအတွင်း စာရင်းစစ်အဖွဲ့များ ဖွဲ့စည်းနိုင်ရေး တင်ပြဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် မြို့နယ်များအတွင်း စီမံကိန်းလုပ်ငန်းများအပေါ် ရင်းနှီးမတည်ပေး ထားမှုအခြေအနေများ၊ အတိုးငွေများ ကောက်ခံရရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းစံသတ်မှတ်ချက်များ၊ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည့် စံလုပ်ငန်းသတ်မှတ်ချက်များအပေါ် သုံး သပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး၊ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံအား မြစ်ကြီးနားခရိုင်အတွက် (၂.၇၀၅) ဘီလီယံ၊ မိုးညှင်းခရိုင်အတွက် (၁.၈၀)ဘီလီယံ၊ ဗန်းမော်ခရိုင်အတွက် (၁.၈၆)ဘီလီယံ၊ ပူတာအို ခရိုင်အတွက် (၁.၁၃၅)ဘီလီယံ၊ တနိုင်းခရိုင်အတွက် (၀.၃၀)ဘီလီယံနှင့် ချီဖွေခရိုင်အတွက် (၀.၂၀) ဘီလီယံ ရင်းနှီးမတည်ချထားပေးထားခဲ့ကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၂၆ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ် ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား သို့တက် ရောက်သည်။

ဗိုလ်လုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ရည်ရွယ်ချက်တူ၊ပန်းတိုင်တူ သင်တန်းကျောင်း များအချင်းချင်း စည်းလုံးညီညွှတ်မှုရရှိပြီး နိုင်ငံနှင့်ပြည်နယ် အတွက်သာမက မိမိတို့ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းများအတွက် တန်ဖိုးရှိသော လူငယ်/လူရွယ်များအဖြစ် ပြန်လည်ရပ်တည်လာနိုင်ပြီး မူးယစ်ကျေးကျွန် ဘဝမှ လွတ်မြောက်ကာ ကျန်းမာသန်စွမ်းသော လူငယ်များ ဖြစ်လာစေရေး ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားပြီး ဗိုလ်လုပွဲစဉ် အဖြစ် ရမ်ခေး(Ram Hkye) အသင်းနှင့် ပရပ်(အ်)နန် (Part N’nan)ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ ကြရာ ရမ်ခေးအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘောလုံးပွဲကျင်းပရေး ဆပ်ကော်မတီတာဝန်ရှိသူများက ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော အဖွဲ့အစည်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ က ပွဲစဉ်တစ်လျှောက်နေရာ အလိုက် အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က စတုတ္ထ၊ တတိယနှင့် ဒုတိယဆုရ အသင်းများအတွက် တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီး ချုပ်က ပထမဆုရအသင်းအတွက် ဂုဏ်ပြု ချီးမြှင့်ငွေနှင့် တံခွန်စိုက်ဒိုင်းဆုကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)