စဉ့်ကိုင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

စဉ့်ကိုင် ဇွန် ၂၈

အနာဂတ်မျိုးဆက်သစ်၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့်   နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယနေ့မွန်းလွဲ(၁)နာရီက  မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အ.ထ.က (စဉ့်ကိုင်) သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(စဉ့်ကိုင်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ စဉ့်ကိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အား/ကာမှူး ဦးဇော်ရဲလှိုင်က "အားကစား" ဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကို အသုံးချကြောင်း၊  အားကစား(၄)မျိုးရှိပြီး၊   ယှဉ်ပြိုင် အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ ကျန်းမာသန်စွမ်းပြီး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစားသမားများ ပေါ်ထွန်းလာစေရေး ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားများ ဆောင်ရွက်ကြစေလိုကြောင်းအသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အကျိုးကျေးဇူးများ၊ Social Media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ၊ ကျောင်းသား/ ကျောင်းသူများ  ခေါင်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ အသိပညာပေး ပြပွဲများ၊ ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်းတို့ကို ဟောပြောခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော့မူယာမောင်