ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ခိုလမ် ဇွန် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး  ဦးစိုးအောင်က အဖွင့် အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲတွင် ဆုရရှိသော သင်တန်းသူ/ သင်တန်းသားများကို ကျောင်းအုပ်ဆရာကြီး ဦးစိုးအောင်၊ မြို့မိမြို့ဖ ဦးမြင့်ဇော်ဦး၊ ဒေါ်နန်းသီတာနွယ်နှင့် မိုးနဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ရှေးဦးပြုစုခြင်း အခြေခံသင်တန်း လာရောက်ပို့ချပေးပါသော နမ့်စန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအယ်လီဇာ၊ မိုးနဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များအား မြို့မိမြို့ဖ ဒေါ်နန်းခင်စန်းယု နှင့် ဒေါ်စိန်ချယ်မှ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နမ့်စန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအယ်လီဇာက ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီကြပါသော မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ ကျောင်းကော်မတီမှ တာဝန်ရှိသူများ ၊မြို့မိမြို့ဖများနှင့် သင်တန်း‌တက်ရောက်ပေးကြသော သင်တန်းသူ/သင်တန်းသားများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)