တောင်တွင်းကြီးမြို့နယ်တွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

တောင်တွင်းကြီး ဇွန် ၂၈

ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိစေရန်ရည်ရွယ်၍ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဌေးဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မူများအပေါ် အာမခံချက်ပေးရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့် အညီဖော်ပြပါရှိစေရေးစသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ဒေသထွက်ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင် (၂၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကုန်စည်များအပေါ်တွင်ကုန်အညွှန်းအမှတ် အသားများဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)