ပုဗ္ဗသီရိ ဇွန် ၂၈
ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗစျေးကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှဦးစီး၍ ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးနွဲ့နှင့် အဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုတင် ၅၀ မှ ကျန်းမာရေးမှူး အဆင့် ၁ ဒေါ်ဝေဝေလွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့များက ပုဗ္ဗသီရိမြို့နယ်စျေးကြီးအတွင်း ဆိုင်ခန်းများရှိ ခြင်ပေါက်ပွား နိုင်သည့် အိုးခွက်များအတွင်းမှ ရေများစွန့်ပစ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၊ အခြေခံပညာ မူလတန်းကျောင်းများ၊ မူကြိုကျောင်းနှင့် ရပ်ကွက်၊ကျေးရွာ များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)