မိုင်းဆတ်မြို့၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

မိုင်းဆတ် ဇွန် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက အ.ထ.က(မိုင်းဆတ်)ရှိ မြတ်ပညာ ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က လူငယ်များသည် မိသားစုတစ်စုရဲ့ မျှော်လင့်ချက်နှင့် တိုင်းပြည်တစ်ခု၏ အနာဂတ်ဖြစ်ပါကြောင်း၊ အရည်အချင်းရှိတဲ့ လူငယ်တွေ ဖြစ်လာစေရန် ပတ်ဝန်းကျင်ကောင်းနှင့် လေ့ကျင့်ပျိုးထောင်မှုကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ လူသားအချင်းချင်း ပညာအရည်အချင်းတူသော်လည်း စာပေဖတ်ရှုသူကသာပိုမိုအောင်မြင်သူများ ဖြစ်လာနိုင်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က စာပေဖတ်ရှုလေ့လာသူများသည် စာမဖတ်သူများ ထက် စဉ်းစားတွေးခေါ်နိုင်ပြီး အခက်အခဲများကြုံတွေ့လာပါက မှန်ကန်သည့် ဆုံးဖြတ်ချက်များချနိုင် ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဦးနှောက်ခွန်အားဖြစ်စေမည့် စာပေများ ဖတ်ရှုသင့်ကြောင်း အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အ.ထ.က(မိုင်းဆတ်)Grade-8 မှ မယွန်းမြတ်သာက လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်မျိုးဝဏ္ဏကျော်က လူငယ်နှင့်စိတ်ဓာတ်ရေးရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ကောင်းခန့်ပိုင်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ဝေယံဘုန်းပြည့်အောင်က လူငယ်နှင့် ငယ်ရွယ်မှုတန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မနန်းလောင်ဝမ်းဆီက လူငယ်နှင့် မျှဝေခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ များက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေး ဖြေကြား ခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပေးအပ်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

-မြင့်မောင်(မိုင်းဆတ်)