မိုင်းဆတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂၆)ရက်နေ့မှ စတင်၍ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် ဝန်ထမ်းများက ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသည့် ပထမဦးစားပေး အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင် လာစေပြီး လာရောက်ဆောင်ရွက်သူများ၏ (Biographic Data) နှင့် (Biometric Data)များ ကောက်ယူ၍ Database အတွင်းထိန်းသိမ်းကာ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ ကတ်ပြားများကို ရုံးချိန်အတွင်း ချက်ချင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးရခြင်းသည် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့ အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)