ရပ်စောက် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့က ရှမ်းပြည်နယ် စိုက်ပျိုးမွေးမြူဖွံ့ဖြိုးရေး ကော်မတီမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဦးနှင့် ကော်မတီဝင်များသည် ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ရောင်ခြည်ဦး ကျေးရွာနှင့်ပင်ဖြစ်စံပြကျေးရွာတို့တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP Plan အရ မိုးစပါးမျိုးစေ့ထုတ်သမဝါယမအသင်းများ၏ (RS-CS) မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လည်းကောင်း၊ပင်ဖြစ်ဆည်မှ စိုက်ပျိုးရေ ပေးဝေမှုအား လယ်မြေအားလုံးလုံလောက်မျှတစွာရရှိရေး ဒေသခံတောင်သူများ၏ တင်ပြမှုကို လည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီးဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး သည့်ပိန္နဲပင်(ရွာသစ်)ကျေးရွာ၊ ရွာတွင်းလမ်းမြေသားတင်၍ သဲဗြုန်းခင်းခြင်း နှင့် Box Culvert(၁)စင်းတည် ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်စွက်မှာကြား ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဇော်ဝင်း(ပြန်/ဆက်)