ကျောက်ပန်းတောင်း ဇွန်၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးဦးကာလဖြစ်သည့် မေလ ၁၅ ရက်နေ့မှ စတင်စိုက်ပျိုးခဲ့ကြသည့်၊ မိုးသီးနှံမြေပဲ၊ နှမ်းနှင့် ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးခါ မုန်တိုင်းအပြီး မေလ ၁၃ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ရွာသွန်းခဲ့သည့် မိုးကြောင့် စိုက်ပျိုး ရေးလုပ်ငန်းအတွက် မြေအစိုဓာတ်ကောင်းစွာရရှိခဲ့သဖြင့် မုန်တိုင်း အလွန် စိုက်ပျိုးခဲ့ကြသည့် မိုးသီးနှံ မြေပဲ၊ နှမ်းများနှင့် ပဲစင်းငုံသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် သီးနှံအထွက်နှုန်းကောင်းရန်နှင့် ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်နေကြကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးမြေပဲကို တစ်မြို့နယ်လုံးအနေဖြင့် ၅၈၂၇၁ ဧက စိုက်ပျိုးရန် လျာထား ခဲ့သည့်အနက်မှ ၂၇၅၂ ဧက စိုက်ပျိုး ပြီးစီးခဲ့ကြောင်းသိရပြီး၊ နှမ်းသီးနှံအနေဖြင့် ၁၂၁၁၅၁ ဧက စိုက်ပျိုးရန် လျာထားသည့်အနက် ၁၃၃၆၀၂ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် နှံသီးနှံကို လျာထားချက်ထက်ပိုမို စိုက်ပျိုးနိုင်ခဲ့ ကြောင်းနှင့် ပဲစင်းငုံသီးနှံတွင်လည်း ၇၅၃၇၇ ဧက လျာထားသည့်အနက် ၈၂၄၈၆ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ စိုက်ပျိုး ရေးလုပ်ငန်းအတွက် သွင်းအားစုကုန်ကျ စရိတ်ကြီးမားပြီး၊ အရင်းအနှီးများသဖြင့် သီးနှံနှုတ်သိမ်းသည့် အချိန်အထိ မိုးလေမှန်ကန်ပြီး သီးနှံအထွက်နှုန်းကောင်းစေရန်နှင့် ရရှိလာသည့် သီးနှံများအပေါ်တွင်လည်း အမြတ်အစွန်းကျန်အောင်သင့်တင့်သည့် ဈေးနှုန်းရရှိရန် တောင်သူများလိုလားနေကြောင်း သိရသည်။ “အခုထိတော့ ကျွန်တော်တို့ဘက်တွေက မိုးသိတ်မလိုသေးဘူးဗျ… သီးနှံအကြိုက် မိုးရရှိပြီးသားဖြစ် နေတော့ ခုချိန်ထိတော့ကြည့်လို့ ကောင်းနေတုံးဘဲ…အစေ့အဆန် ထွက်တဲ့အချိန် ထိ မိုးလေမှန်နေရင်တော့အောင်ပြီပေါ့ဗျာ ကိုယ့်အိပ်ထဲ … တောင်းထဲ ရောက်တဲ့အချိန် ဈေးကောင်းရဖို့ လိုတာပါဘဲ…ဒီလိုမှမဟုတ်ရင် မလွယ်ဘူးဗျ… မျိုးဈေး၊ ဆေးဈေးနဲ့ အလုပ်သမားခတွေကနဲ့ ငှားရမ်းခ တွေက ဒီနှစ်ပိုများလာတယ်….” ဟု ရွာလတ်ကျေးရွာမှ တောင်သူ ဦးသိန်းတန် က ပြောပါသည်။
စိုက်ပျိုးချိန်ကာလတွင် မျိုးမြေပဲနှင့် မျိုးနှမ်း တစ်တင်းလျှင် ၁၂၀၀၀၀ ကျပ်ပေးရပြီး၊ မျိုးပဲစင်းငုံတစ်တင်းလျှင် ၈၀၀၀၀ ကျပ် ပေးဝယ်ယူခဲ့ကြရကြောင်းသိရသည်။ ငှားရမ်းခအနေဖြင့် ထွန်ယှဉ်း တစ်ယှဉ်းလျှင် တစ်မနက်ငှားရမ်းခ ၁၅၀၀၀ ကျပ်၊ တစ်နေကုန် ၃၀၀၀၀ ကျပ်ပေးရပြီး၊ ထွန်စက်ဖြင့်ထွန်ယက်ပါက တစ်နာရီ ၃၅၀၀၀ ကျပ်ပေးရကြောင်းနှင့် အလုပ်သမား(ပေါင်းနှုတ်) ခမှာ တစ်ဦးလျှင် (တစ်နေကုန်) ၃၀၀၀/၄၀၀၀ မှ ၅၀၀၀ ကျပ်အထိ ပေး၍ ခေါ်ယူရကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)