တပ်ကုန်း ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပက်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃နာရီက အဆိုပါကျေးရွာရှိ နဝင်းချောင်းတံတားရှင်းလင်း ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဦးစီးအရာရှိ ဒေါ်နိုင်ရတနာအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်မှု၊ ခွင့်ပြုရန်ပုံငွေ ၃၀၀ သိန်းအား မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းရှင်အပ်နှံရေး၊ ကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ကိုင်လိုသူများအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေး၍ တိုးပွားလာမည့် အမြတ်ငွေများအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စနစ်တကျအသုံးပြုမှုနိုင်ရေးအတွက် မိတ်ဆက်ဆွေးနွေးပြောကြာခဲ့ပြီးနောက် ကျေးရွာကိုယ်စား လုပ်ငန်းလည်ပတ်လုပ်ကိုင်ရန် ဦးဆောင်ပြုလုပ်မည့် ကျေးရွာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ဘဏ္ဏာရေးဆပ်ကော်မတီဥက္ကဋ္ဌတို့အား အများဆန္ဒဖြင့် ရွေးချယ်ပေးခဲ့သည်။
အစည်းအဝေးသို့ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နိုင်ရတနာအောင်နှင့်ဝန်ထမ်းများ၊ မကျီးပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့်ကျေးရွာသူ/ကျေးရွာသားပေါင်း ၁၂၆ ဦး တက် ရောက်ခဲ့ကြကြောင်း သိရသည်။
တင်စိုးလွင်