ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဒဂုံမြောက် ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တပ်မ(၂)မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများအတွင်း ဖောက်ခွဲဖျက်ဆီးမှု ဖြစ်စဉ်များ မဖြစ်ပွားစေရေး၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများတွေ့ရှိလျှင် အချိန်မီဖယ်ရှားရှင်းလင်းနိုင်စေရေး၊ အများပြည်သူများ အထိတ်တလန့် မဖြစ်ပွားစေရေးနှင့် ပေါက်ကွဲမှု ဖြစ်ပွားပါက မိုင်းအား စနစ်တကျ ရှင်းလင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ မိုင်းအသိ၊ မိုင်းသတိရှိစေရေး အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဗိုလ်ကြီးဖြိုးသူရကျော်က ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အထူးမိုင်းရှင်းလင်းရေးအဖွဲ့အနေဖြင့် သွားရောက်ရှင်းလင်းခဲ့သော လက်လုပ်ဗုံး၊ မိုင်း‌တွေ့ရှိမှု (၄၀၁၀)ကြိမ်၊ ရှင်းလင်းဆောင်ရွက်မှု (၉၆၂)ကြိမ်၊ မိုင်း အမျိုး အစားများ၊ မြို့တွင်းမြို့ပြင် မိုင်းရှင်းလင်းရေး၌ တွေ့ကြုံခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ သုံးသပ်တင်ပြခြင်း၊ မိုင်းအသိ၊ မိုင်းသတိ ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းမှ ၎င်း၏ အတွေ့အကြုံများနှင့် မိုင်းအသိ၊ မိုင်းသတိ ပညာပေးဟောပြောခြင်းကို ဆွေဖးနွေပြောကြားပြီး တက်ရောက်လာသူများမှ မိမိတို့သိရှိလို သည်များကိုမေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ စုစုပေါင်း (၅၃) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ ဆက်)