နမ္မတူ ဇွန်၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ရတနာမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ရှေ့ဦးစွာ ရတနာမေအမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ သဘာပတိကြီး ဒေါ်နန်းအေးသီက အဖွင့်အမှာစကားပြောကြားပြီး နမ္မတူမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွန်းက ထပ်ဆင့်အမှာစကား ပြောကြား ခဲ့သည်။
ဆက်လက်၍ အသင်းအမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအားလည်းကောင်း၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းစာရင်းအားလည်းကောင်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်း၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၏ အသင်းစာရင်းစစ်အစီရင်ခံစာအားလည်းကောင်း အသင်းတာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုချက်ရယူခဲ့သည်။
အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း ရတနာမေအမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါ်နန်းအေးသီထံက သိရသည်။
လူမော် (ပြန်/ဆက်)