နောင်မွန်း ဇွန် ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဇွန်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းကမ်းပါးယံပြိုကျမှု၊ လမ်းတံတားထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် ယာဉ်ဖြတ်သန်းသွားလာမှု ပြတ်တောက်ခဲ့ရာ ယမန်နေ့မှစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
နောင်မွန်းမြို့နယ် ကွမ်လင်းကျေးရွာနှင့် ကဆန်ဒမ်းကျေးရွာကြား ကီလိုမီတာ(၈၁)နှင့် (၈၂)ကြား အလျားပေ (၂၀၀)၊ အမြင့်ပေ (၁၅၀)ရှိ လမ်းကမ်းပါးယံပြိုကျမှုကြောင့် ဇွန်လ ၁၉ရက်နေ့မှ စတင်ပြတ်တောက်ခဲ့သော ပူတာအို-မချမ်းဘော့-နောင်မွန်းကားလမ်းအား ထိုနေ့မှစတင်၍ မြို့နယ်လမ်းဦးစီးဌာနမှ လူနှင့် စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၇ရက်မှ စတင်ပြီး လူနှင့် ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။
ထို့အပြင်နရန်ချောင်းရေတိုက်စာမှုကြောင့် Box culvart တံတားချဉ်းကပ်လမ်း ပျက်စီးပြီးယာဉ်ကြီးများ ဖြတ်သန်းသွားလာမှု ပြတ်တောက်ခဲ့သည့် နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်း (ကျေးလက်လမ်းဦးစီး) ကိုလည်း ကျေးလက်လမ်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် ဝင်ရောက်ပြုပြင် ဆောင်ရွက်သွားမည်ပြီး လူနှင့် မော်တော်ဆိုင်ကယ်များမှာ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)