သာကေတမြို့နယ်တွင်အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစား ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကျင်းပ

သာကေတ ဇွန်  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် အားကစားနှင့် လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာမူလတန်း ကျောင်းအုပ် ဆရာမ ဒေါ်အေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက” အနာဂတ် နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုး ထမ်းရွက်ကြမဲ့ မျိုးဆက်သစ် လူငယ်လူရွယ်များသည် ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထား တက်အောင်အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားလေ့လာဆည်းပူးဖို့လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ခြင်းသည် လည်းအရေးကြီးသည့် ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ပညာ ပြည့်ဝစေရန် အားကစားနည်း တစ်မျိုးမျိုးကို လေ့လာလိုက်စားဖို့လိုအပ်ကြောင်း” ဟောပြောခဲ့ကာမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ခင်ကောင်းစံမှ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် ဆက်လက်ဟောပြောခဲ့သည်။

ဆက်လက်ပြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကာ ဝူရှူး၊ ဗိုဗီနမ်၊ ရိုးရာခြင်းအားကစားနည်းသရုပ်ပြအဖွဲ့ တို့မှသရုပ်ပြသခဲ့သည်။ ထို့နောက်ဟောပြောခဲ့သည့် အားကစားဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးမြန်းပြီး ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများချီး မြှင့်ကာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ ဆက်)