ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) စာရင်းကောက်ယူခြင်း ဆက်လက်ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများ၏ နိုင်ငံသားတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) ဆက်လက် ‌ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ခင်ဦး ဦးဆောင်၍ ဝန်ထမ်းများက  သတ်မှတ် ဦးတည်အုပ်စုအလိုက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး၊ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ (Biographic Data)နှင့် ဇီဝအချက် အလက်များ (Biometric Data) များကို တစ်ဦးချင်းစီအလိုက် စနစ်တကျ ဆက်လက် ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီသည့် ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍  ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရခြင်းမှာ ပြည်သူများ၏ လူမှုစီးပွားရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ နိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique IDထုတ် ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့်စနစ် တစ်ခုဖြစ်၍ ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်နှင့် ယာဉ်မောင်းလိုင်စင် စသည့်ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။

ဝေယံ (ပြန်/ ဆက်)