တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

 တိုက်ကြီး     ဇွန်     

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မြို့မ)တို့ပူးပေါင်း၍  လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေးဉီးစွာ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှုးခေါ်ခင်မာဝေနှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမိုးကျော်ဦးတို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်နှင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ) အထက်တန်းပြဆရာမ ဒေါ်ယုကလျာအောင်တို့က လူကုန်ကူးမှု၊ ခေါင်းပုံဖျက်မှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏အဓိပ္ပါယ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေများနှင့် ပြစ်ဒဏ်များစသည်ဖြင့် လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောသည်။ ထို့နောက် Grade-11 တွင် ပညာသင်ကြားနေသောမယွန်းရွှေရည်က “လူကုန်ကူးမှုတိုက်ဖျက်ဖို့တွဲလက်ညီညီခိုင်မြဲစို့” ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောပြီး အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)