ချီဖွေမြို့နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ငွေများ ပေးအပ်

ချီဖွေ အောက်တိုဘာလ  ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ရပ်ကွက် ကျေးရွာ အုပ်စု စာ​ရေးဝန်ထမ်းများအား  နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာလ(၉)ရက် မွန်းလွဲ(၁)နာရီက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက  နိုင်ငံတော်အစိုးရမှ ဝန်ထမ်းများအပေါ် အလေးထားဆောင်ရွက်ပေးသကဲ့သို့  ဝန်ထမ်းများမှလည်း ပေးအပ်သော လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ စာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ  ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရခြင်း၊ အခြေခံ လူတန်းစားများအား ထောက်ပံ့ပစ္စည်းများနှင့် ငွေများပေးအပ်ရန် စာရင်းဇယားပြုစုရခြင်းနှင့် ရပ်ကွက် ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ရခြင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်း ကောက်ယူခြင်း၊ မဲစာရင်းများ ပြုစုရခြင်း၊ လုပ်ငန်း တာဝန်များကို ထမ်းဆောင် ရသောကြောင့်  ယခုလို  ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး  နိုင်ငံ တော်အစိုးရမှ ဒုတိယ အကြိမ် ထောက်ပံ့ငွေများကို  ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ချီဖွေမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ပန်ဝါမြို့ပေါ်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉)အုပ်စုရှိပြီး  အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ  စာရေးဝန်ထမ်း(၃၅)ဦးအတွက် ဒုတိယအကြိမ် ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)