မိုင်းဆတ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် “သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ၊ မပါ စစ်ဆေးပြီးပြီလား” အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို ယမန်နေ့ နံနက် (၇)နာရီခွဲက မြို့မဈေးနှင့် ယာယီပျံကျဈေး တို့တွင် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ ကြောင်းသိရ သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နောက်ဆုံးအကြိမ် ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ၊ မပါ စစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး Online မှတစ်ဆင့် မဲဆန္ဒရှင်စာရင်းစစ်ဆေးနိုင် သည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ကို လွယ်ကူစွာရှာဖွေနိုင်ရန်သိထားရမည့် အချက်များ၊ မဲပေးပိုင်ခွင့်ရှိသူ အနေ ဖြင့် မိမိနာမည် မပါဝင်ပါက ပုံစံ-၃ ဖြင့်ဖြည့်စွက်၍ နောက်ဆုံးအကြိမ် မဲစာရင်း ကပ်ထားကြေညာစဉ်(၁၄) ရက်အတွင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး၌ လျှောက်ထားရန်၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ကို ဖြည့်စွက်၍ ကန့်ကွက်လျှောက်ထားရန်၊ မဲဆန္ဒရှင်စာရင်းပါ မိမိကိုယ်ရေးအချက် အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ဖြည့်စွက် ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်၊ မဲဆန္ဒရှင် ပြည်သူ များအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါ၊ မပါ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ကြည့်ရှုကြရန် စသည့်အချက် များပါဝင်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းတူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဒေါနယ်သိန်း တို့၏ ကြီးကြပ်မှုဖြင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများနှင့် တာဝန် ရှိသူတို့ က “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာပါ၊ မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစောင်ရေ (၁၀၀၀)နှင့် ပိုစတာ(၅၀၀)ခုတို့ကို မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးဝယ်သူများနှင့် ဈေးရှေ့ဖြတ်သန်း သွားလာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရ သည်။
မြင့်မောင်(ပြန်/ဆက်)