ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် မြို့ပတ်လမ်းဆုံရှိ  အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ခန်းမဆောင်၌ ကျင်းပရာ  ကျောင်းအုပ်ကြီး ဒေါက်တာကြူကြူဆွေနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးမည့် စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ခရိုင်အားကစားမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊  ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

လူငယ်စကားဝိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)  ကျောင်းအုပ်ကြီး ဒေါက်တာ ကြူကြူဆွေက  အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပရခြင်း၏  ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက ငယ်စဉ်အရွယ်မှာပညာရှာ ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများ အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသော အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) မှ ကျောင်းသား၊ ကျောင်းသူများက ယခုကျင်းပရသောဟောပြောပွဲနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များကို ပြန်လည် ဆွေးနွေခဲ့ကြသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) မှ  ကျောင်းအုပ်ကြီး ဒေါက်တာကြူကြူဆွေ ထံသို့   ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများ အသုံးပြုနိုင်ရန် အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ စာရေးဆရာ ကိုရွှေအောင်သင်းမှ ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များနှင့် စာအုပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ ရသ စာအုပ်မျိုးစုံကို  စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးအနေဖြင့် မိတ်ဘက်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့နယ်စာရေးဆရာ အသင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို အခြေခံပညာ ကျောင်းများအပြင် အဆင့်မြင့်ပညာကျောင်းများသို့ ကွင်းဆင်းကာ ဟောပြောဆွေးနွေးလျက်ရှိသည့်အပြင် သုတ/ရသစာအုပ်များ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရေး စာအုပ်ပြပွဲများကိုလည်းညလစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြူလူသစ် [ခရိုင် (ပြန်/ဆက်)]