သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က(၂)ကျောင်း၌  လူငယ်စကားဝိုင်းကျင်းပ

သင်္ဃန်းကျွန်း ဇွန် ၂၈

ကျောင်းသား၊ ကျောင်းသူလူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးသိန်းထွန်းက လူငယ်စကားဝိုင်းကျင်းပရာ၌ လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေအသိဉာဏ်ပညာဗဟုသုတတွေပိုမိုရရှိစေရန် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊  ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း င်းနှီးချစ်ခင်မှုများတိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်နှင့် အ.ထ.က(၂)သင်္ဃန်းကျွန်းမှ ဆရာမဒေါ်စောမြမြသွင်တို့က ညှိနှိုင်းရေးမှူး(Moderator)များအဖြစ်ဆောင်ရွက်၍ Grade-11 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်အောင်မြင့်မြတ်မှ လူငယ်နှင့်စာပေ၊  မောင်ဖြိုးသုခမှ လူငယ်နှင့်စာရိတ္တ၊  မလင်းလင်းထွေးမှ လူငယ်နှင့်ယဉ်ကျေးမှု၊  မောင်သိန်းသန်းအောင်မှ လူငယ်နှင့်ကျန်းမာရေး၊ မောင်စစ်မင်းထက်မှလူငယ်နှင့်နည်းပညာ၊ မအေးချမ်းမွန်မှ လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှပြန်လည်ရှင်းလင်း‌ဖြေကြားပေးခဲ့သည်။

ထို့နောက် ဦးဆောင်ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူ(၆)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များကို ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူစုစုပေါင်း(၄၅၀)ဦးတက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)