ပူတာအိုမြို့နယ်၌ ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေး စီမံကိန်းမိတ်ဆက် ရှင်းလင်း

ပူတာအို ဇွန် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်နှင့် ကျေးရွာသူကျေးရွာသားများနှင့် ကျေးရွာ အသင်းအဖွဲ့များ စွမ်းဆောင်ရည် မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ စီမံကိန်း(၅)နှစ်တာကာလတွင် မိမိခရိုင်အတွင်းဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာအား ဌာနဆိုင်ရာများမှ စီမံကိန်းကာလ ပြီးစီးသွားပါကလည်း လိုအပ်ချက်မရှိ ပြည့်စုံအောင် ဝိုင်းဝန်း ကြိုးပမ်းပေးစေလိုကြောင်း အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးက စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား Power  point ဖြင့် ရှင်းလင်းဆွေးနွေး သည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက စီမံကိန်း အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များအား အသီးသီးပါဝင်ဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ (Smart Village) ခေတ်မီစံပြကျေးရွာစီမံကိန်းတွင် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးမြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) စီမံကိန်းကို ၂၀၂၃- ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ မူလာအွန်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင်  ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) စီမံကိန်းကို မြစ်ကြီးနားမြို့နယ်တွင် မော်ဖောင်းကျေးရွာ၊ မိုးညှင်းမြို့နယ်တွင် ဟဲလုံကျေးရွာ၊ ဗန်းမော်မြို့နယ်တွင် မန်ရေးကျေးရွာ၊ တနိုင်းမြို့နယ်တွင် မိုင်းခွန်ကျေးရွာ၊ မိုးကောင်းမြို့နယ်တွင် နန့်လှိုင်ကျေးရွာများတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

                                                                                                          ဖုန်ကန်(ပူတာအို)