သန်လျင်မြို့ Quantine Centre များ၌ အသွားအလာကန့်သတ်ထားရှိသူ ၁၀၀၀ နီးပါး ရှိလာ

သန်လျင် အောက်တိုဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ အသွားအလာကန့်သတ်သူများအား ထားရှိနိုင်ရေး အတွက် စောင့်ကြည့်စင်တာအား ထပ်မံပြင်ဆင်လျှက်ရှိပြီး သန်လျင်မြို့နယ် အတွင်း Quantine Centre များ၌ လူဦးရေ ၁၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင် ထံမှ ယမန်နေ့ နေ့လယ် ၂ နာရီက သိရသည်။

သန်လျင်မြို့အတွင်း ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ် ခဲ့သူများ၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုမရှိဘဲ အနံ့ပျောက်သူတွေလည်း နေ့စဉ်လိုလို ဖျားနာကုဆေးခန်းကို လာရောက်ပြသနေတာလည်း များနေပါတယ်၊ အခုဆိုရင် သန်လျင်မြို့နယ်မှာ စောင့်ကြည့်စင်တာ ၆ ခုအထိရှိလာပြီး လူ ၁၀၀၀ နီးပါး နေထိုင် စားသောက်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအထောက်အကူပြု ကော်မတီများ၊ လူမှုရေး အသင်းအဖွဲ့ များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များရဲ့အားများနဲ့ ပူးပေါင်း ဆောင်ရွက် ပေးနေကြပါတယ်၊ ပြည်သူတွေအနေနဲ့လည်း ဒီကာလ​​လေးမှာ တစ်ချက် လေး အားတင်းပြီး ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကိုယ့်အိမ် ထဲမှာ နေပေးကြဖို့ တိုက်တွန်းအပ်ပါကြောင်း အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ ၄၉၁ ဦးအထိရှိပြီး သေဆုံးသူ ၁၀ ဦးထိရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရှိသူ ၅၅ ဦးအထိရှိ လာပြီဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)